¡Sorpréndeme!

သစ်ကုန်ကြမ်းတင်ဒါမှာ ပြည်တွင်းလုပ်ငန်းရှင်တွေကို အခွင့်အရေးပိုပေးဖို့ တောင်းဆို

2017-10-07 3 Dailymotion

သစ်ကုန်ကြမ်းအတွက် တင်ဒါဆွဲတာကို ပြည်ပ ရင်းနှီးမြှပ်နှံသူတွေထက် ပြည်တွင်း လုပ်ငန်းရှင်တွေကို အခွင့်အရေး တစ်ခု ပိုမို ပေးနိုင်ဖို့ အစိုးရကို တိုက်တွန်းသွားမယ်လို့ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။

မနေ့က အောက်တိုဘာ ၂ ရက်က ရန်ကုန်မြို့မှာပြုလုပ်တဲ့ သတ်ဆိုင်ရာသစ် လုပ်ငန်းကဏ္ဍအလိုက် သတင်းစာရှင်းလင်းပွဲမှာ သစ်အချောထည် လုပ်ငန်း လုပ်ကိုင်သူ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းမှ ဒုတိယ ဥက္ကဌ ဦးသိန်းဝင်းက ပြောခဲ့တာ ဖြစ်ပါတယ်။ အစိုးရက သစ်ကုန်ကြမ်းအတွက် တင်ဒါပေးရာမှာ ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့ ပြည်ပ လုပ်ငန်းရှင်တွေကို တန်းတူ တင်ဒါဆွဲခွင့် ပေးထားတာ ဖြစ်ပါတယ်။

ပြည်ပက ရင်းနှီးမြှပ်နှံသူ လုပ်ငန်းရှင် အရေအတွက်က မပြောပလောက်ပေမယ့် ပြည်တွင်းလုပ်ငန်းရှင် ရာဂဏာန်းဟာ ပြည်ပလုပ်ငန်းရှင် တစ်ဦးရဲ့ အရင်းအနှီးကို ယှဉ်ပြိုင်ဖို့ခက်တယ်လို့ဆိုပါတယ်။ ပြည်တွင်းလုပ်ငန်းရှင်တွေ လိုလားနေသလို ပြည်တွင်းနဲ့ ပြည်ပ တင်ဒါခွဲခြားခေါ်ယူပေးဖို့တော့ မဖြစ်နိုင်ဘူးလို့ မြန်မာ့သစ်လုပ်ငန်း ၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အထွေထွေ မန်နေဂျာ ဦးခွန်အောင်စိုး က ပြောပါတယ်။

မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ကိုင်သူ လုပ်ငန်းရှင်တွေအနေနဲ့ သစ်ကုန်ကြမ်း ရှားပါးတာ၊ ပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တင်ဒါအပြိုင် မယူနိုင်တာ၊ ဈေးကွက်အခြေအနေနဲ့ နည်းပညာလိုအပ်ချက်တွေကြောင့် ဈေးကွက်စီးပွားရေး စနစ်နဲ့ ပြိုင်ဆိုင်မှုတွေမှာ စိုးရိမ်ကြီးမှုတွေ ဖြစ်ပေါ်နေတာပါ။

လက်ရှိမှာတော့ မြန်မာ့သစ်လုပ်ငန်းက သစ်အလုံးလိုက်တင်သွင်းရင် အခွန် ၀ ရာခိုင်နှုန်းနဲ့ အချောထည်တွေ တင်သွင်းမယ်ဆိုရင် ၂၅ ရာခိုင်နှုန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက်-ခင်ဝိုင်းဖြူဖြူ