နှစ်တစ်ရာကျော် သက်တမ်းရှိတဲ့ အင်းစိန် ဂျီတီအိုင် အဆောက်အအုံကြီးကို အခုဇွန်လကုန်မှာ အကြီးစားပြုပြင်မွမ်းမံမှုတွေ လုပ်တော့မယ်လို့ သတင်းရရှိပါတယ်။ အဲဒီလို အကြီးစားပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်တဲ့နေရာမှာ ပညာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ကို အသုံးပြုသွားမှာဖြစ်ပြီး ကျပ် နှစ်ဘီလီယံသုံးစွဲဖို့လျာထားတယ်လို့ သိရပါတယ်။ အင်းစိန် ဂျီတီအိုင် ကျောင်းကြီးကို လာမယ့် ဒီဇင်ဘာလ ၁ ရက်မှာ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်တဲ့ အတွက် အကြီးစားပြင်ဆင်မှုတွေကို ဆောင်ရွက်ရတာလဲ ဖြစ်ပါတယ်။
အင်းစိန်ဂျီတီအိုင် အဆောက်အအုံဟာ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့က အပြာရောင် ကမ္ပည်းပြား တပ်ဆင်ထားတဲ့ ရှေးဟောင်း အဆောက်အအုံဖြစ်တာကြောင့် အကြီးစားပြုပြင်မွမ်းမံမှုတွေကို ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့နဲ့ ဂျာမနီနိုင်ငံက ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံပြုချက်တွေကိုယူပြီး ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။
ဒီအဆောက်အအုံပြုပြင်မွမ်းမံဖို့ တင်ဒါလျှောက်ထားတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ ၁၆ ခု အနက် ဆောက်လုပ်ရေးဆိုင်ရာ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ ကုမ္ပဏီသုံးခုကို ဇွန်လအတွင်း သတင်းစာမှတစ်ဆင့် တရားဝင်ကြေညာမှာဖြစ်ပြီး အကြီးစားပြုပြင်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။
အင်းစိန်ဂျီတီအိုင်ကျောင်းကြီးမှာ မကြာမီဖွင့်လှစ်မယ့် ပထမနှစ် သင်တန်းမှာ မြို့ပြအင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်း၊ အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း၊ လျှပ်စစ်ဆက်သွယ်ရေးအင်ဂျင်နီယာ သင်တန်းနဲ့ အိုင်တီ အင်ဂျင်နီယာသင်တန်းစတဲ့ သင်တန်း(၅)ခုဖွင့်ဖို့ လျာထားတယ်လို့ သိရပါတယ်။
အဲဒီကျောင်းကြီးကို ၁၈၉၅ခုနှစ်က ရန်ကုန်မြို့ လသာမြို့နယ် မြို့မကျောင်းလမ်းမှာ Government Engineering School အမည်နဲ့ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ၁၉၀၈ခုနှစ်မှာတော့ Government School and Technical High Schoolအဖြစ် အမည်ပြောင်းပြီး အင်းစိန်ကိုရွှေ့ပြောင်းခဲ့တာပါ။ ၁၉၁၂ခုနှစ်မှာတော့ Government TechnicalInstitute(GTI) အဖြစ် အမည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး