(၁) အမြန်လမ်းပေါ်က အံစာတုံးကား မီးလောင်မှု စီအိုင်ဒီက ဆက်စစ်မယ်
အမြန်လမ်းပေါ်မှာ ကားမီးလောင်ပြီး လူ ၈ ဦး သေဆုံးမှုကို ဆက်လက်စုံစမ်း စစ်ဆေးဖို့ စီအိုင်ဒီကို လွှဲလိုက်ပြီလို့ သိရပါတယ်။
ဒီနေ့ နေ့လည် ၂ နာရီလောက်က အမှတ် ၃ အမြန်လမ်း ရဲစခန်းမှာ သေဆုံးသွားသူတွေရဲ့ မိသားစုတွေကို ခေါ်ယူတွေ့ဆုံပြီး အသိပေး ပြောကြားခဲ့တာပါ။ အမြန်လမ်း ရဲတပ်ဖွဲ့က ရဲမှူး ရန်နောင်ဝင်းကလည်း ဒီအမှုကို စီအိုင်ဒီက ဆက်လက်စစ်ဆေးဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ညွှန်ကြားထားတယ်လို့ မီဒီယာတွေကို အတည်ပြုခဲ့ပါတယ်။
လက်ရှိ အမြန်လမ်းမှာ မီးလောင် သေဆုံးသွားတဲ့ ဖြစ်စဉ်အပေါ် အမှုမှန်ပေါ်ပေါက်ဖို့ အတွက် မိသားစုဝင်တွေကလည်း လိုလိုလားလား ရှိနေပြီး ဆိုရှယ်မီဒီယာနက်ဝက်မှာလဲ ဒီဖြစ်စဉ်အပေါ် စိတ်ဝင်စားမှု မြင့်တက်နေတာ ဖြစ်ပါတယ်။
မီးလောင်သေဆုံးသွားပြီး ကျန်ရစ်ခဲ့တဲ့ အလောင်းတွေကို မှုခင်းဆရာဝန်က ဆေးစစ်ချက် မလုပ်ခဲ့ဘဲ မီးသဂြိုလ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုနေကြတာလဲ ရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၂၁ ရက်နေ့ မနက် ရှစ်နာရီခွဲက အမြန်လမ်းမပေါ်မှာ အံစာတုံး ကားတစ်စီး မီးလောင်ခဲ့ပြီး မီးလောင်မှုကြောင့် လိုက်ပါလာသူ ၉ ဦးထဲက ယာဉ်မောင်းတစ်ဦးထဲပဲ လွတ်မြောက်ခဲ့ပြီး ကျန်ရှစ်ဦး မီးလောင်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
(၂) ညပိုင်းသီးသန့်ဘတ်စ်ကား စီစဉ်ပေးမယ်လို့ ဝန်ကြီးချုပ်ပြော
ညအိမ်ပြန်ဖို့ အခက်အခဲရှိနေသူတွေ အတွက် ညပိုင်းသီးသန့် ဘတ်စ်ကားတွေကို ပြေးဆွဲပေးသွားမယ်လို့ YBS ၁၀ ရက်မြောက်နေ့မှာ ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
အဲဒီကားတွေကို ည ၉ နာရီ နောက်ပိုင်းမှာ ပြေးဆွဲမှာ ဖြစ်ပြီး ဒီနေ့ ဇန်နဝါရီ ၂၅ ရကိညက စတင်ဖို့လည်း စီစဉ်ထားတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
ညကားတွေကို လိုအပ်တဲ့နေရာတွေမှာ ပြေးဆွဲပေးမှာ ဆိုပေမယ့် နေရာတိုင်းမှာ ပြေးဆွဲပေးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။
အစီးရေ အတိအကျနဲ့ ဘယ်အချိန်ထိ ပြေးဆွဲမယ်ဆိုတာကိုလည်း မသိရှိရသေးပါဘူး။
YBS စနစ်သစ် ပြောင်းလဲပြီးနောက် ည ၉ နာရီ အထိ ပြေးဆွဲပေးမယ်လို့ ထုတ်ပြန်ထားပေမယ့် ည ၈ နာရီနောက်ပိုင်း ကတည်းက စပြီး ကားတွေ မရှိသလောက် ဖြစ်လာတဲ့အတွက် ခရီးသွားပြည်သူတွေက အခက်အခဲတွေ ရှိနေတာပါ။
အခုချိန်မှာတော့ ည ၉ နာရီအထိ မဆွဲတဲ့ကားတွေကို အရေးယူသွားမယ်လို့ သိရပါတယ်။
(၃) နောက်ခုံးတံတား ၅ ခုကိုလည်း မြေနီကုန်းလို အပန်းဖြေနေရာ ဖန်တီးမယ်
ရန်ကုန်မြို့မှာရှိတဲ့ နောက်ထပ်ခုံးကျော်တံတား ၅ ခုကို မြေနီကုန်း ခုံးတံတားလိုပဲ အပန်းဖြေနေရာ အဖြစ် ဖန်တီးပေးမယ်လို့ ဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
အဲဒီ ခုံးတံတားငါးခုမှာလုပ်မယ့် ဒီဇိုင်းတွေကို မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်အဖွဲ့ ၁၀ ဖွဲ့ကနေ ပြသခဲ့တာပါ။
လှည်းတန်း၊ ရှစ်မိုင်၊ ရွှေဂုံတိုင်၊ ကုက္ကိုင်း စတဲ့ခုံးတံတားတွေမှာ လုပ်သွားဖို့ဖြစ်ပါတယ်။
မြေနီကုန် ခုံးတံတားကို ပြစ်သစ် ယဉ်ကျေးမှုဌာနကနေ ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ဆက်လက် ထိန်းသိမ်းဖို့ ရန်ကုန်တိုင်း အစိုးရကို ဒီနေ့ ဇန်နဝါရီ ၂၅ ရက်မှာ အပ်နှံခဲ့တာပါ။
မြေနီကုန်း ခုံးတံတားအောက်က ကစားကွင်းနဲ့ အပန်းဖြေနေရာ အတွက် ကျပ်သိန်းလေးထောင်နီးပါးသုံး အကုန်ကျခံ ဆောင်ရွက်ခဲ့တာပါ။ အဲဒီ့တံတားအောက်မှာ ခြင်းလုံးကွင်း၊ ဘောလုံးကွင်းတွေ အပါအဝင် အပန်းဖြေဖို့ နေရာတွေ အပင်စိုက်ပျိုးထားတာတွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
နောက်စီမံကိန်းတွေမှာလည်း တိုင်းအစိုးရရဲ့ ဦးဆောင်မှုနဲ့ ပြင်သစ် ယဉ်ကျေးမှုဌာနက ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
(၄) ကိုင်ရိုမြို့ခံတွေကို ဆွဲဆောင်နေတဲ့ စက်ဘီး စာအုပ်ဆိုင်လေး
အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်မှာ စက်ဘီးစာအုပ်ဆိုင်လေး တစ်ခုက လူအများရဲ့ အာရုံကို ဆွဲဆောင်နေနိုင်တယ်လို့ သိရပါတယ်။
ရွေ့လျားစာအုပ်ဆိုင် အများစုဟာ ကားတွေကို အသုံးပြုလေ့ ရှိပေမယ့် Book Bikeလို့ နာမည်ပေးထားတဲ့ စာအုပ်ဆိုင်လေးကတော့ စက်ဘီးတစ်စီးရှေ့မှာ စာအုပ်စင်လေးကို တပ်ဆင်ပြီး ကိုင်ရိုမြို့တွင်း လမ်းတွေမှာ လှည့်လည် ရောင်းချနေတာ ဖြစ်ပါတယ်။
ဆိုင်ပိုင်ရှင် အမျိုးသမီး ဟာဒီယာ မန်ဆာဟာ လမ်းဘေး နေရိပ်လေးမှာ စက်ဘီးကို ခဏရပ်ထားပြီး ဖောက်သည်တွေ အနေနဲ့ သူ့ဆိုင်က စာအုပ်တွေကို စိတ်တိုင်းကျ ရွေးချယ် ဝယ်ယူခွင့် ပေးထားလေ့ ရှိပါတယ်။
အခုလို စက်ဘီးစာအုပ်ဆိုင်လေးနဲ့ လမ်းကြိုလမ်းကြားတွေထိ သွားလာပြီး ရောင်းချပေးတာကြောင့် လူအများစု၊ အထူးသဖြင့် ကလေးငယ်တွေကို စာဖတ်ဖြစ်ဖို့ ပိုပြီး တွန်းအားပေးနိုင်ခဲ့တယ်လို့ မန်ဆာက ပြောပါတယ်။
သူ့ရဲ့ စာအုပ်ဆိုင်လေးမှာလည်း ကလေးစာပေတွေကို အဓိက တင်ဆောင်လာတတ်ပြီး အာရပ် ဘာသာရော၊ အင်္ဂလိပ် ဘာသာနဲ့ပါ ရေးသားထားတဲ့ စာအုပ်တွေ ဖြစ်တယ်လို့ သိရပါတယ်။ စက်ဘီးစာအုပ်ဆိုင်လေးမှာ ဖောက်သည်ဖြစ်နေသူတွေကလည်း ကိုင်ရိုမှာ အခုလို တစ်ပိုင်တစ်နိုင် ရွေ့လျား စာအုပ်ဆိုင်လေးတွေ အများကြီး လိုအပ်တယ်လို့ ထောက်ခံကြပါတယ်။
အမျိုးသမီး တစ်ယောက်က စက်ဘီးနင်းပြီး စာအုပ်တွေ ရောင်းနေတဲ့ မြင်ကွင်းဟာ ကိုင်ရိုမှာတော့ အထူးအဆန်းဖြစ်ပြီး လမ်းသွားလမ်းလာ အများအပြားကို ဆွဲဆောင်နိုင်လေ့ ရှိတယ်လို့ မန်ဆာက ရှင်းပြပါတယ်။ မန်ဆာကိုယ်တိုင်က စာဖတ်ခြင်းကို ချစ်မြတ်နိုးသူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ လုပ်ငန်းပါတနာ မိုဟာမက်နဲ့ တွဲဖက်ပြီး Book Bike စာအုပ်ဆိုင်လေးကို ဖန်တီးထားတာပါ။
လက်ရှိမှာတော့ Book Bikeကို ကိုယ်ထူကိုယ်ထ ထူထောင်ထားပေမယ့် ရေရှည်မှာတော့ စာအုပ်ဆိုင်ကြီးတွေရဲ့ အကူအညီကိုပါ ရရှိအောင် စည်းရုံးနိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း မန်ဆာက ဖွင့်ဟခဲ့ပါတယ်။